1/26/12
စိတ်
သိတာလဲ " စိတ် "
ကျေနပ်တာလဲ " စိတ် "
မကျေနပ်တာလဲ " စိတ် " မို့
ဒီစိတ် တစ်လုံး ကိုဘဲ
ပိုင်ပိုင် နိုင်နိုင်
လိမ္မာ ယဉ်ကျေးအောင်
ဆုံးမနိုင်ဘို့ ကြိုးစားဆဲ...
နေတတ်, ဖြေတတ်, သေတတ်ပါစေ။
အညံ့ပန်း(ပတ္တာမြားမြေ)
နုတ်ဆက်တတ်ဖို့ ကြိုးစားစို့
အကောင်း အဆိုး အကြောင်း အကျိုး တွေနဲ့
ဒွန်တွဲ အမြဲမပြတ် ဆက်စပ် နေတာမို့
မိမိရဲ့ ကိုယ်, နုတ်, စိတ် သုံးပါးမှာ
မကောင်းတာမှန်သမျှ (နုတ်) လို့
ကောင်းတာမှန်သမျှ (ဆက်) တတ်မှ လူပီသမှာ...
အားလုံး (နုတ်) , (ဆက်) တတ်ကြပါစေ။
စကားနဲ တရားမြဲ မတရားစဲ ပါစေ။
အညံ့ပန်း(ပတ္တာမြားမြေ)
သြဝါဒ မှ သြကာသ သို့
ဆုံလာထူးလှ မေ့မရ
ခါခါဆုံးမ သြဝါဒ
ကြာမှ ဟောင်းမှ ပိုကောင်းလှ
ခဏခဏ သတိရ
ခဏခဏ လိုက်နာရ
သြဝါဒမှ သြကာသ
ခဏခဏ ရှိခိုးမှ
ခဏခဏ ရှိခိုးရ
ခဏခဏ ရှိခိုးကြ
သြကာသ...သြကာသ...သြကာသ.............။
အညံ့ပန်း(ပတ္တာမြားမြေ)
လူမှာတစ်ခု သတိပြု
နား နှစ်ပေါက်
နှာခေါင်း နှစ်ပေါက် ပါသော်လည်း
ပါးစပ်ကတစ်ပေါက်တည်းမို့
အထူးသတိပြုစရာက
ခန္ဓာကိုယ် ကျန်းမာ ချင်လျှင်
မတည့်တာ မစားနဲ့
စိတ်ချမ်းသာ ချင်လျှင်
မမှန်တာ မပြောနဲ့
အညံ့ပန်း(ပတ္တာမြားမြေ)
အဖေဆရာ
တပည့်ရင်မှာတော့ ဘယ်တော့မှမမေ့
စက္ကန့်  ရွေ့သ၍ တစ်မြေ့မြေ့
ွ
ရင်ထဲမှာလည်း တစ်ငွေ့ငွေ့
ဘယ်တော့ ဘယ်တော့ မှ မမေ့
ကြာလေဟောင်းလေ အမှတ်ရလေ
သတိရလေလေ လွမ်းလေလေပါ..............အဖေဆရာ။
အညံ့ပန်း(ပတ္တာမြားမြေ)
5/13/10
ဘဝမှာအရာအားလုံးပြီးပြည့်စုံခြင်းဆိုတာ ပိုက်ဆန်ရှာဖွေစုဆောင်းခြင်း တစ်ခုတည်းမဟုတ်ပါဘူး။
“သားရေ မင်းကိုစိတ်ညစ်အောင်လာလုပ်တာမဟုတ်ပါဘူးကွာ။ မင်းကိုငါ မပြောမဖြစ်ပြောရတော့မယ်။ မင်းအမေကို ငါ သည်းခံပြီး အတူတူနေလာတာနှစ်ပေါင်း ၃၅နှစ်ကျော်နေပြီ။ ဒီတစ်ခါတော့ငါသည်းညဉ်း မခံနိုင်တော့ဘူး။ သူနဲ့ငါနှစ်ဦးသဘောတူကွာရှင်းဖို့ ဆုံးဖြတ်လိုက်ကြပြီ။”
“အဖေ ဘာတွေလာပြောနေတာလဲ” သားဖြစ်သူဟာအဖေဖြစ်သူကိုအော်ပြီးလှမ်းပြောလိုက်တယ်။
“မင်းအမေနဲ့ငါသဘောထားမတိုက်ဆိုင်တာများနေပြီ သား။ ငါကမင်းအမေကိုစိတ်ကုန်သလို မင်းအမေလည်း ငါ့ကိုတော်တော် စိတ်ကုန်နေပြီ။ဒီတော့ ဟောင်ကောင်မှာရှိတဲ့မင်းအစ်မ ကို ဖုန်းနဲ့ လှမ်းခေါ်ပြီး မင်းဘဲပြောလိုက်တော့”ဖခင်ဖြစ်သူကဒီလိုပြန်ပြောလိုက်တယ်။
ဖခင်ဖြစ်သူဖုန်းပြောအပြီးမှာ သားဖြစ်သူဟာ ဟောင်ကောင်မှာရှိနေတဲ့အစ်မဖြစ်သူကိုဖုန်းဆက်ပြီးအကြောင်းစုံ ပြောပြလိုက်တယ်။ အစ်မဖြစ်သူဟာဒီသတင်းကိုကြားကြားခြင်း
“ဘာ!!! တော်တော် မောင်လေး ဒီလူကြီးတွေတော့အဓိပါယ်မရှိတာတွေလျှောက်လုပ်နေကြတယ်။ နင်ဘာမှစိတ်မပူနဲ့။ ငါ့တာဝန်ထား။ငါအခုအဖေဆီကိုလှမ်းဆက်လိုက်မယ်။” အစ်မဖြစ်သူက အော်ပြီးလှမ်းပြော လိုက်ခြင်းဖြစ်သည်။
သူမဟာသူမမောင်လေး ဖုန်းကိုချလိုက်ပြီးချက်ခြင်းဘဲ ဖခင်ဖြစ်သူရှိရာကိုဖုန်းလှမ်းခေါ်လိုက်တယ်။
“ဖေဖေ သမီးကိုမောင်လေးပြောပြလို့ ဖေဖေတို့သတင်းကို ကြားပြီးပြီ။သမီး နဲ့မောင်လေး မရောက်မခြင်း ဖေဖေတို့ဘာတစ်ခုမှမလုပ်ကြပါနဲ့။ သမီး နဲ့မောင်လေး အခုဘဲလေယာဉ်လက်မှတ်မှာလိုက်ပြီး မနက်ဖြန် ဖေဖေတို့ဆီကိုအရောက်လာခဲ့မယ်။ သမီး တို့မရောက်မလာမခြင်း ဘာတစ်ခုမှမလုပ်ကြပါနဲ့အုန်းနော်။ သမီးပြောတာသဘောပေါက်တယ်နော် ဖေဖေ။”
သမီးဖြစ်သူက သူမစိုးရိမ်ကြောင်းနဲ့ မဖြစ်မနေ ရောက်အောင်လာမည်ဖြစ်ကြောင်းကို ပြောပြီး ဖုန်းချ သွားခဲ့တယ်။
ဖခင်ဖြစ်သူဟာ သူ့သမီး ဖုန်းပြောတာကိုချလိုက်ပြီး တစ်ဖက်ကိုလှည့်ပြီး သူရဲ့ ဇနီးကို ဒီလို လှမ်းပြော လိုက်တယ်
“ မေကြီးရေ.....အိုကေသွားပြီ။ အားလုံးကမှန်းထားတဲ့အတိုင်း ကွက်တိဘဲ။ ဘယ်လိုမှခေါ်လို့မရတဲ့ဒီသား နဲ့သမီး ၊ အလုပ်တွေ ရှုပ်ပါတယ်ဆိုတဲ့ ကလေးတွေ မနက်ဖြန် မေကြီး ရဲ့ မွေးနေ့ကို လူကိုယ်တိုင် အရောက်လာကြတော့မယ်။”
(တစ်နှစ်မှာ ရှိတဲ့ ၃၆၅ ရက် တိုင်း မှာ လူတိုင်းလူတိုင်း ဟာအမြဲဘဲ အလုပ်တွေများနေကြတာပါ။ ဒီလိုနေ့တွေထဲက တစ်ရက်ရက်လောက်တော့ သင်ကိုချစ်တဲ့သူတွေ ဆီမှာသွားရောက်အချိန်ကုန် သင့်ပါတယ်။ အလုပ်ဆိုတာ ကျွန်တော်တို့ မသေမခြင်း လုပ်သွားရမှာပါ။ မိဘတွေဆိုတာတော့ သူတို့ ရှိတုန်း သာ ကျွန်တော်တို့တွေ့ ရမှာဖြစ်ပါတယ်။ အလုပ်လုပ်ရမှ၊ပိုက်ဆန်ရှာဖွေစုဆောင်းရမှ ကျွန်တော်တို့ ဘဝမှာ အရာအားလုံးပြီးပြည့်စုံနိုင်တယ်ဆိုတာကတော့ တစ်စိတ်တစ်ဒေသဘဲမှန်မှာပါဗျာ။
အညတြ(ခေတ္တနယူးယောက်ခ်)
ဘာသာပြန်သည်။
11/4/09
(တရားတစ်ခွန်း ပတ္တမြားတစ်ဇွန်း)ယောနိသော မနသီကာရ
စကားတစ်ခွန်း ဟာ ပတ္တမြားတစ်ဇွန်း မက တန်ဖိုးရှိလွန်းလှလို့ အရွယ်ငယ်ပေမယ့်အသိဥာဏ်ကြွယ်တဲ့
ကိုရင်လေးဟောခဲ့တဲ့တရားဖြစ်လာပုံကို မျှဝေချင်ပါတယ်။ဟိုငယ်ငယ် အိမ်ထောင်သည်ဘဝက
ရုန်းရင်းကန်ရင်းကြိုးစားရင်း ကျွန်တော့် ဘဝရဲ့ပထမဆုံး ရဟန်း ဒကာ အဖြစ် ကိုရောက်ရှိနိုင်ခဲ့တယ်။
အဲဒီတုန်းက ကျွန်တော် အသန့်ရှင်း အစင်ကြယ်ဆုံး ရှာဖွေထားတဲ့ ဥစ္စာပစ္စည်းထဲမှ လှူတန်းခဲ့ခြင်းဖြစ်တယ်။
ဒါနအနှစ် ရဟန်းဒကာ အောင်ပွဲအဖြစ် ကျွန်တော့်သက်တမ်း ရဲ့ အရင်ဦးဆုံး လောဘကို အနိုင်တိုက်ထုတ်
နိုင်တဲ့ ဒါနအောင်ပွဲ ကိုဆင်နွှဲ နိုင်ခဲ့တယ်။မရှိလို့မလှူ ၊ မလှူလို့မရှိဆိုသလိုဘဲ ဒီတုန်းက လောဘနဲ့
အလောဘ လွန်ဆွဲပွဲမှာ အနှိုင်းမဲ့ ဒါနစစ်စစ်က အောင်ပွဲခံနိုင်ခဲ့ပါတယ်။မှတ်မိပါသေးတယ်။ ဒီတုန်းက
ရွှေတစ်ကျပ်သားမှ တစ်ထောင်ကျော်ဈေးရှိပါသေးတယ်။ မောပန်းစွာရှာဖွေလို့ရလာတဲ့ ငွေခုနှစ်ထောင်ကျော်
ကို အကုန်လုံး ပုံပြီး ရဟန်းခံဒကာ အဖြစ် အလှူပြုခဲ့တယ်။ အဲဒီအလှူပွဲမှာ အလှူပြုလုပ်မဲ့နေရာ ဖြစ်တဲ့
“ကြောင်းပန်းတောရတိုက်”တို့ အသွား မုံရွာကြောင်ပန်း ဓမ္မာရုံမှာ ခေတ္တ ခရီးတစ်ထောက်နားရင်း
ကိုယ်တွေ့ကြူံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်လေး တစ်ခုပါ။ ဒီတုန်းက ဝမ်းသာပီတိဇောအဟုန်ကြောင့်
ခရီးကြမ်းပေမယ့်ပင်ပန်းရမှန်းမသိ ဇနီးမယား သ္မီး သားတွေနဲ့အတူ ခရီးရောက်မဆိုက်ကျောင်းဝင်းအတွင်း
သစ်ပင်အိုကြီးတစ်ပင်အောက်မှာ ကလေးသုံးယောက်နဲ့အတူခေတ္တ မောပန်းစွာ အနားယူနေခဲ့တယ်။
အဲဒီအချိန်မှာ ကျောင်းဝင်းအတွင်း သေနာသနဝတ် (ကိုရင်လေးတို့ဝတ္တရား) ပြုနေတဲ့ကိုရင်လေးတစ်ပါးကို
ကြည်ညိုဖွယ်ရာဖူးတွေ့လိုက်ရပါတယ်။ဒီမြင်ကွင်းကတော့ ဆန့်ကျင်ဖက်မြင်ကွင်းလေးတစ်ခုပါ။
ကိုရင်လေးက ကျောင်းဝင်းအတွင်းမှာ အမှိုက်သရိုက်တွေကိုသန့်ရှင်းနေဆဲ ပါလာတဲ့ကလေးသုံးယောက်က
တော့ ကလေးသဘာဝ အမှိုက်ဖွကာ ဆော့ကစားနေဆဲပေါ့။ကိုယ့်စိတ်နဲ့နိုင်း မရိုင်းဆိုသလို ကိုယ်ဟာကို
ဒီလိုပြန်တွေးမိတယ် “ငါသာဆိုရင် အခုလိုသန့်ရှင်းအောင်အမှိုက် လှည်းရှင်းနေစဉ်မှာ အမှိုက်ရှုပ်သူအပေါ်
အပြစ်တင်မိမှာအမှန်ပါဘဲ”။ ငါ့မှာဒီစိတ်မျိုးဖြစ်နေရင် ကိုရင်လေးရဲ့စိတ်ထားကိုလည်းမေးကြည့်မယ်လို့
အတွေးပေါ်လာပြီး
“ကိုရင်လေးဘုရား တပည့်တော်သာဆိုရင်အခုလိုသန့်ရှင်းရေးလုပ်ခိုက် အမှိုက်ရှုပ်သူပေါ်လာရင် စိတ်ဆိုးမိမှာအမှန်ဘဲ။ ကိုရင်လေးရဲ့စိတ်သဘောထား ကိုလည်းအမိန့်ရှိပါဘုရား”
လို့လျှောက်တော့ ကိုရင်လေး ကဒီလိုပြန်ပြောလိုက်တယ်။
“အမှိုက်ရှုပ်တဲ့သူရှိမှအမှိုက်ရှင်းရမှာ။ အမှိုက်များများရှုပ်လေလေကောင်းလေ။ ကုသိုလ်များများရလေ ဘဲပေါ့ ဒကာကြီးရဲ့”
အံ့သြဖို့ကောင်းလောက်အောင် နှလုံးသွင်းမှန်တဲ့ ကိုရင်လေးပါလားလို့ လေးစားကြည်ညိုမိပါတယ်။ဒီတုန်းက
စကားတစ်ခွန်းဟာ အမှတ်တမဲ့နဲ့ မတောင်းဘဲကိုရင်လေးဟောခဲ့တဲ့တရားတစ်ပုဒ်ဆိုသာ မသိသာခဲ့ဖူး။
နောက်တော့ ကြာလေလေ ဟောင်းလေလေ အကျိုးရှိလေလေ ဖြစ်လာခဲ့ရတော့တယ်။ ဘဝမှာ ကြုံလာသမျှ
လောကဓံတရားကို ရင်ဆိုင်ဖြေရှင်းရာမှာ အကာင်းဆုံး အသုံးဝင်လှတဲ့ နည်းလမ်းဖြစ်ကြောင်း တစ်စထက်
တစ်စနားလည် လာခဲ့ ရပါတယ်။အရာရာကို ခွင့်လွှတ်သည်းခံစိတ်နဲ့ အကောင်းမြင်ဝါဒ
ရှိပြီးနှလုံးသွင်းမှန်ရင်ကုသိုလ်အကျိုးဆထက်တစ်ပိုး တိုးပွားလာကြမှာပါ။ သြော်... သူတော်ကောင်းတို့ထုံး
နှလုံးမူကြမယ်ဆို အရာခတ်သိမ်း ဘဝခတ်သိမ်း အေးချမ်းသာယာပြီး တစ်စထက်တစ်စ တစ်ဘဝထက်
တစ်ဘဝ တိုးတက်ကြီးပွား အကျိုးများလာကြမှာ အမှန်ပါဘဲ။ ကိုရင်လေးရဲ့ တရားတစ်ခွန်းက
တစ်ကယ်ဘဲပတ္တမြားတစ်ဇွန်း လိုတန်ဖိုးရှိလှပါတကား။
အညံ့ပန်း(ပတ္တမြားမြေ)
11/3/09
မဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသောဘဏ ၏သြဝါဒများ
အနန္တငါး ဂုဏ်တော်များ
ဝပ်တွား ဦးနှိမ်အိပ်။
ရတနာသုံးပါး ဂုဏ်တော်များ
ကြိုးစားပုတီးစိပ်။
သတ္တဝါများ မေတ္တာထား
ပွားများပြီးမှအိပ်။
ခန္ဓာငါးပါး ရုပ်နာမ်များ
ပွားများဆင်ခြင်အိပ်။
(လူမိုက်အလုပ် မလုပ်နဲ့)
ကာယကံမိုက် ဒုစရိုက်
လူမိုက်အလုပ် မလုပ်နှင့်။
ဝစီကံမိုက် ဒုစရိုက်
လူမိုက်စကား မပြောနှင့်။
မနောကံမိုက် ဒုစရိုက်
လူမိုက်အကြံ မကြံနှင့်။
(တရားမပါဆင်းရဲမှာ)
ဒါနမပါ သေသောခါ
ဥစ္စာဓန ဆင်းရဲကြ၏။
သီလမပါ သေသောခါ
ရောဂါဘယ ပေါများကြ၏။
ဘာဝနာမပါ သေသောခါ
ခန္ဓာ ဒုက္ခ ကြီးမားကြ၏။
(အညံ့ပန်း ပတ္တမြားမြေ)
10/29/09
သူတော်ကောင်းတို့၏သဘော
နံ့သာတုန်းသည် မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။
သူတော်ကောင်းသည် မိမိကို ညှင်းဆဲသော သူကိုသော်လည်း မသေမချင်း အကျိုးဆောင်၏။
(ကြောင်ပန်းမထေရ်မြတ်တစ်ပါး)
ထပ်ဆင့်တင်ပြသူု
အညံ့ပန်း(ပတ္တမြားမြေ)
10/22/09
ပြဿနာ (၁)
“ဟူး” (သက်ပြင်းရှည်ချကာလေမှုတ်ထုတ်လိုက်သောအသံ)
မပြောချင်ပါဘူးဗျာ။ တက္ကဆီကားဆရာက လူမည်းကောင် ဗျ။ အခုထိမှတ်မိသေးတယ်။ ဒီလူအရပ်ကနည်းတာမဟုတ်ဘူး။ အနည်းဆုံး ၆ပေ ၅လောက်ရှိတယ်။ လူကောင်ကကြီးပါတယ်ဆို စကားပြောတဲ့အသံကလည်းကျယ်လိုက်တာဗျာ မြန်မာပြည်က ငါးစိမ်းသည်တောင်ထိုင်ငိုသွားမယ်။ တက္ကဆီ ကတန်းစီပြီး တော့ ကိုယ့်အလှည့်ကျ စီးရတာဗျ။
ဟားဟားပြောလိုက်အုန်းမယ် နောက်တခုလောက် အဲဒီလိုတန်းစီတာက နေရာတိုင်းမှာဗျ။ စာကြည့်တိုက်၊ဆေးခန်း၊ ထမင်းဆိုင်၊ဘဏ်၊ရုပ်ရှင်ရုံတို့အစုံဘဲဗျာ။ကုန်ကုန်ပြောရရင်ဗျာ နောက်ဆုံးအိမ်သာ ကအစတန်းစီရတယ်။ ဒီတော့သတိတော့ထားပေါ့ဗျာ။ အိမ်သာတက်မယ်ဆိုကြိုကြိုတင်တင်သွားပေါ့။ ရန်ကုန်မှာလို လူလည်ကျပြီး တန်းစီတာကိုကျော်တာတို့၊နားလည်မှု့လေးလုပ်တာတို့ ဘာတို့လုပ်လို့လုံးဝမရဘူး။ လုပ်လို့ကတော့လား ဗျာ မြန်မာပြည်မှာမျိုးကြီး show ကို စပီကာနားမှာ သွားနားထောင်တာကမှ ခင်ဗျား နားကသက်တာအုန်းမယ်။နားကို အဲဒီလိုအထောင်းခံရတာ ခင်ဗျားအဲဒီနေရာကမထွက်သွားမခြင်းပေါ့ဗျာ။
အင်း...စကားဆက်လိုက်ပါအုန်းမယ်။ အဲဒီတော့ဗျာ လူမည်းကောင်ကြီးကားကိုမစီးချင်လို့ကိုမရဘူး။ သူ့နောက် က ကားဆရာတွေကလည်း လူမည်းတွေဘဲဗျ။ ဒီတော့ဗျာရှင်းရှင်းပြောရရင် အာဂသတ္တိမွေးပြီးစီးလာခဲ့တယ် ဆိုပါတော့ဗျာ။ ကျွန်တော့်ခေါင်းထဲမှာတော့ အင်းဒီကောင်ကြီး ငါ့ကို မဟုတ်တဲ့နေရာတွေများ ခေါ်သွားမလားဆိုပြီး စိုးရိမ်စိတ်က တော့ အပြည့်ပေါ့ဗျ။ ကျွန်တော်ကံကောင်းပါတယ်။ တလမ်းလုံးဘုရားစာရွှတ်ပြီး လိုက်လာတာ လူမည်းကြီး က (port authority bus terminal) ကိုရောက်အောင်ပို့ပေးခဲ့ပါတယ်။ ပြဿနာတခုကဒီမှာစတော့တာဘဲ။ ကျွန်တော့် ရဲ့ ခရီးဆောင်အိတ်တွေက အားလုံးပေါင်း ၄အိပ်ဗျာ။ လက်ကိုင်အိတ်က ၂အိတ် အားလုံးပေါင်းရင်၆အိတ်ဗျာ။ အဲဒါကိုဘယ်လိုသယ်တယ်အောက်မေ့လဲ။
မြန်မာပြည်ကဘဲဗျ။ ဒီလောက်တော့မညံ့ပါဘူး။လမ်းထိပ်မှာရှိတဲ့ ရဲ ကိုသွားခေါ်လာပြီး အိတ်တွေကိုကြည့်ခိုင်းထားပြီး တစ်အိတ်ပြီး တစ်အိတ် မြေအောက်ထပ်၃လွှာကို သယ်တာပေါ့။ အဲဒီကားဂိတ်ကအကြီးကြီးဗျ။ မြန်မာပြည်က လေယာဉ်ကွင်းထက်၂ဆလောက်ပိုကြီးမယ်ထင်တာဘဲ။ ကျွန်တော်စီးရမယ့် ကားဂိတ်လေး က မြေအောက်ထပ်၃လွှာမှာ။ ကြုံတုန်းလေးထပ်ပြောလိုက်အုန်းမယ်။ နယူးယောက် က လူတွေအားလုံး က ကြွက်တွေနဲတူတူဘဲဗျ။ မြေအောက်ထပ်မှာနေကြတယ် မြေအောက်ထပ်မှာ ကားသွားစီးရတယ်။ မြေအောက်မှာဘဲ (subway) စီးရတယ်။မြေအောက်နဲ့ကိုမလွှတ်တော့ ကြွက်တွေနဲ့ထူးမခြားနားပါဘဲ။
အင်း.....အဲဒီလိုနဲ့ပေါ့ မင်းသားလေး ကျွန်တော်ကမျာမှာတော့ ကံကောင်းစွာနဲ့ ဘက်စ် ကားပေါ်ကို ရောက်သွားခဲ့တယ်။ ဒီင်္ဟာတွေကိုကြည့်ပြီး ဒါလေများလွယ်လိုက်တာလို့မပြောနဲ့နော်။ ကျွန်တော် ဒီလိုအလွယ်တကူဖြစ်အောင် ကျွန်တော့်အစ်မက မြန်မာပြည်မှာတုန်း ကရင်းမြေပုံတွေကြည့်။ တက္ကစီဘယ်လိုစီးရလဲဆိုတာ ကိုဟိုမေးဒီမေးလုပ် အစုံဘဲဗျာ။ ကြိုတင်ပြင်ဆင်မှု တွေလုပ်ခဲ့ရတာကိုပြောတာပါ။ ကျွန်တော်ကျောင်းတက်ရမယ့်မြို့လေးကိုလည်းရောက်ရော ပြောပြီးသားလေး ဗျာ တပတ်လောက်စောနေပါတယ်ဆို ကျောင်းမှာ (student advisor) တစ်ယောက်ဘဲရှိတယ်။ ဒါတောင် သူ့ကို ကျွန်တော့်အမကကြိုတင်ဖုန်းဆက်ပြီး ဘက်စ်ကားဂိတ်ကနေ ကျောင်းအရောက် ပို့ဆောင်ခ ကြိုပေးထားလို့။ မဟုတ်ရင်ဘယ်နားသွားအိပ်ရမလဲတောင်မသိဘူး။ ကျွန်တော်နေရတဲ့ ကျောင်း အဆောင် က ၉ ထပ်မှာဗျ။ အဲဒီ (advisor) ပေါ့ ကျွန်တော့်ကို အဆောင် က အခန်းရှေ့မှာချပြီး သူ့ဖုန်းနံပါတ်ပေးပြီးထွက်သွားခဲ့တော့တာဘဲဗျာ။ ကျွန်တော်လည်း အခန်းထဲမှာ ရှင်းလင်းရေးလုပ်ပြီး နေခဲ့တယ်။ အားလုံးပြီးသွားတဲ့အခါမှာ ကျွန်တော့် ကိုကျွန်တော့်ဝမ်းဗိုက်က ဆန္ဒ တွေပြနေတာပေါ့။ ကွီးကွီး နဲ့အော်တာဗျာ ကျွန်တော့်ဘေးအခန်းမှာလူရှိရင်ကြားရမယ်ထင်တာဘဲ။ ကျွန်တော်လည်း ဘယ်ရမလဲ (advisor) ကို ဖုန်းခေါ် ပြီးသူ့ကိုလှမ်းမေးတယ်။ ကျွန်တော်ဗိုက်ဆာလို့ ဘယ်မှာ စားသောက်ဆိုင်ရှိမလဲပေါ့ဗျာ။ သူ ကတော့သူသိသလောက်ပြောရှာပါတယ်။ ခက်တာက ဗျာကျွန်တော့်အကျင့်က ဗိုက်စာရင် ထ္မင်း မစားရရင် ကိုမနေနိုင် တာဘဲဗျ။ (asian) တွေစားတဲ့ထ္မင်းဆိုင်ကမရှိဘူးဗျာ။ ကျွန်တော်ကတော့ တတ်နိုင်သလောက်ရှာတာဘဲဗျာ။ ဒါ့ပေမယ့် ဗျာ ကျွန်တော်ဘယ်လောက်ကြီးဘဲဆုတောင်းတောင်း ဆန္ဒ ကမပြည့်ခဲ့ပါဘူး။ အဲဒီနေ့က ဘီစကစ် မုန့်လေးစားပြီး ရေသောက် ဗိုက်မှောက် နေခဲ့ရတယ်ဗျ။ နောက်တနေ့ကျတော့ အပြင်ထွက်ပြီး ထ္မင်းဆိုင်ရှာတာပေါ့။ရှာပုံတော်ထွက်တာမြေဖြူနှစ်ချောင်းနဲ့၊လိပ်စာ စာရွက်နဲ့ပေါ့။ လမ်းထောင့်တွေရောက်တိုင်း တိုင်တွေမှာ မြန်မာလိုတွေရေးမှတ်ပြီး ဘယ်ကွေ့ညာကွေ့ အမှတ်အသားတွေလုပ်ခဲ့တယ်။ ခင်ဗျားကတော့ထင်မှာဘဲ ဒီလူပါးစပ်မပါဘူးနဲ့တူတယ်လို့။ ကျွန်တော်ပါးစပ်ပါပါတယ်။ ဒါပေမယ့် ကျွန်တော်မေးရမယ့်လူတွေက တနေ့လုံးနေမှ ၂ ယောက်စ ၃ယောက်စဘဲရှိတာဗျ။ ဒီတော့သူတို့ကိုသွားမေးလဲသူတို့တွေက ကျွန်တော် လိုချင်တဲ့ အဖြေကိုမပေးခဲ့ပါဘူးဗျာ။ ဒီတော့ ကျွန်တော့်မှာ အမေထည့်ပေးလိုက်တဲ့ လက်ဖက်တွေရယ်၊အကြော်ဆန်တွေရယ်၊ငါးပိထောင်းလေးရယ်ကို ဘီစကစ်တို့ ပေါင်မုန့်တို့မှာ သုတ်ပြီး တပါတ်လောက်စခန်းသွားခဲ့ရတော့တာပေါ့။တပါတ်လောက်ကြာမှ ကိုရီးယားတို့၊ဂျပန်တို့၊တရုပ်တို့ အစရှိတဲ့ကျောင်းသားတွေရောက်လာမှ သူတို့နဲ့အတူလိုက်ပြီ ထမင်းအိုးတွေဝယ်ရတယ်ဗျာ။ ဆန်ရောင်းတဲ့နေရာလည်းတစ်မြို့လုံးမှာ တစ်ဆိုင်ဘဲရှိတယ်။ အဲဒီဆိုင်ကလည်း မန်ဘာဖွင့်ပြီး ဝယ်ရတာဆိုတော့ မန်ဘာကြေး တွေပေးရတာပေါ့ဗျာ။ နောက်မှစုံစမ်းလို့ သိရတာ အဲဒီမြို့တစ်မြို့လုံး မှာ (asian) စားသောက်ဆိုင်တစ်ဆိုင်ဘဲမြို့လယ်ကောင်မှာရှိတယ်တဲ့ဗျာ။အင်း ဘာဘဲပြောပြောပေါ့ လက်ဖက်နဲ့ ပေါင်မုန့်ထည့်ပြီးစားကြည့်တာအိုကေပါတယ်ဗျာ။ ခင်ဗျားတို့လဲစမ်းပြီး စားကြည့်ကြပေါ့။ ကျွန်တော့်အကြောင်း ကိုဒီနေရာမှာခဏ နားအုန်းမယ်။ နောက်မှဆက်ပြောတာပေါ့ဗျာ။ စိတ်ရှည်ရှည်နဲ့ပြီးအောင်ဖတ်ပေးတာ ကျေးဇူးဗျာ။ ကျွန်တော့်လိုအဖြစ်မျိုးမကြုံပါစေနဲ့လိုဆန္ဒပြုရင်း...
အညတြ(ခေတ္တနယူးယောက်)
10/11/09
အရှိနှင့်အသိ
မြင်တာ ဘာလဲ (စိတ်, တရားဘဲ)
ကြားတာ ဘာလဲ (စိတ်, တရားဘဲ)
နံတာ ဘာလဲ (စိတ်, တရားဘဲ)
စားတာ ဘာလဲ (စိတ်, တရားဘဲ)
တွေ့တာ ဘာလဲ (စိတ်, တရားဘဲ)
ကြံတာ ဘာလဲ (စိတ်, တရားဘဲ)
အမြင်ခံတာ ဘာလဲ (အဆင်း, ရုပ်တရားဘဲ)
အကြားခံတာ ဘာလဲ (အသံ, ရုပ်တရားဘဲ)
အနံခံတာ ဘာလဲ (အနံ့, ရုပ်တရားဘဲ)
အစားခံတာ ဘာလဲ (အရသာ, ရုပ်တရားဘဲ)
အတွေ့ခံတာ ဘာလဲ (အတွေ့ဓါတ်, ရုပ်တရားဘဲ)
အကြံခံတာ ဘာလဲ (ရုပ်,နာမ်နှစ်ပါး နိဗ္ဗာန် ပညတ် အကုန်ရ)
(ခြောက်ပါးဒွါရတံခါးဝမှာ)
ပုဂ္ဂိုလ်မဖြစ်၊သတ္တဝါမဖြစ်၊အသက်မဖြစ်၊ငါမဖြစ်
ရုပ်,နာမ်တရား နှစ်ပါးသာ ဖြစ်ကြကုန်၏။
ရုပ်တရားကလည်း ဖောက်ပြန်ပျက်
နာမ်တရားကလည်း ညွတ်သိပျက်
ဖြစ်ပြီးပျက်တာ မမြဲပါ ရမှာ (အနိစ္စ) သာ
မမြဲဆိုကဆင်းရဲလှ (ဒုက္ခ) တစ်ပါးသာရ
မမြဲဆင်းရဲအလိုမကြ ဘာတစ်ခုမှ ငါမရ မုချ(အနတ္တ)
ရုပ်နာမ် တရား နှစ်ပါးလုံး နိစ္စ သုခ အတ္တ မရ
အနိစ္စ ဒုက္ခ အနတ္တ ရ။
ရုပ်နာမ်တရားနှစ်ပါးလုံးသည် စင်စစ်ဆင်းရဲမှန်လှ ဒုက္ခသစ္စာတရားကြီးပါတကား။
အညံ့ပန်း(ပတ္တမြားမြေ)
TIME IS GOLD.SO, DO YOUR BEST AND JUST DO IT NOW.
အသိရော အကျင့်ပါ ပြည့်စုံလျှက်
အသက်ရှင်နေရခြင်းသည်းလည်းကောင်း
အိုနေရခြင်းသည်လည်းကောင်း
နာနေရခြင်းသည်လည်းကောင်း
သေနေရခြင်းသည်လည်းကောင်း
စင်စစ်မတွေ ချမ်းသာလှပါပေသတည်း။
စိတ်ကောင်းရှိဖို့ပထမ
စိတ်ရင်းအတိုင်းမုချအကျိုးပေးမည်။
ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်နဲ့။
ဤလောက၌
ဘုရားသည်သာအမြတ်ဆုံးရတနာ
တရားသည်သာအမြတ်ဆုံးရတနာ
သံဃာသည်သာအမြတ်ဆုံးရတနာ
ဤအမြတ်ဆုံးရတနာသုံးပါးအား
တကယ်တန်းသိအောင်၊တကယ်တန်းရှိအောင်
အားထုတ်နိုင်သောသူတို့သာလျှင်
ရတနာရှိရာ ရတနာလာဆိုသည့်စကားအတိုင်း
ပစ္စုပ္ပန်ချမ်းသာသည်လည်းကောင်း
တမလွန်ချမ်းသာသည်လည်းကောင်း
နိဗ္ဗာန်ချမ်းသာသည်လည်းကောင်း
မုချဧကန်ရရိုးမှန်ပါပေ၏။
အညံ့ပန်း(ပတ္တမြားမြေ)
ရလေ လိုလေ အိုတစ္ဆေ
ညောင်ပင်တစ္ဆေ ဝေလေလေ
နင်ဘယ်ကိုင်းမှာနေ (ညောင်ကိုင်းမှာနေ)
နင်ဘာသီးစား (ညောင်သီးစား)
နင်ဘာရေသောက် (ညောင်ရေသောက်)
နင်ဘယ်သူ့ခြောက် (နင်တို့အားလုံးခြောက်)
(ဒါဆိုညောင်ပင်တစ္ဆေ မှာ သူတယောက်တည်းအဖို့ နေစရာ၊စားစရာ၊သောက်စရာ အပြည့်အစုံပိုလျှံစွာ
ရှိခဲ့ပါတယ်။ သူရဲ့စည်းစိမ်ဥစ္စာတွေ ခွဲဝေပေးရမှာ စိုးရိမ်တာကြောင့် ညောင်ပင်လာသူတိုင်းကို သူဟာ
လောဘကြီးစွာခြောက်လန့်စေခဲ့တယ်။)
ဒါကြောင့်ရလေလိုလေအိုတစ္ဆေ ဆိုတာ ဘယ်သောအခါမှာ ဖြည့်၍ မပြည့်နိုင်တဲ့ လောဘအိုးကြီးပါတကား။
လောဘထူထူ တစ္ဆေတူ
ရန်သူအစစ်ပေ။
အညံ့ပန်း(ပတ္တမြားမြေ)
10/6/09
ယူးအက်စ်အေ ဒီဗီ ကံစမ်းမဲ အစီအစဉ်
http://www.dvlottery.state.gov/photo.aspx
ဖောင်ဖြည့်ရန်အဆင်သင့်ဖြစ်ပါက အောက်ပါဆိုဒ်တွင်ဝင်ဖြည့်ပါ။
http://www.dvlottery.state.gov/application.aspx
သင်၏နာမည်စာရင်းဖြင့်တစ်ကြိမ်သာဖြည့်ခွင့်ရှိသည်။ သို့ပါ၍ သင်ဝင်ရောက် ကံမစမ်း ခင်တွင် သင်မရှင်းသည့် အကြောင်းအရာကို comment နေရာတွင်မေးမြန်းနိုင်သည်။ မိတ်ဆွေအားလုံးကံကောင်းကြပါစေလို့ ဆုတောင်းလိုက်ပါသည်။
မေတ္တာဖြင့်
အညတြ(ခေတ္တနယူးယောက်)
10/4/09
ဝိပဿနာ ဖွင့်ဆိုချက်
မကျေနပ်စရာကြောင့် ဖြစ်စေ
လောကဓံကြောင့် တုန်လှုပ်နေသူမှန်သမျှ
လောက ကိုအရှုံးပေးနေသူကြီးပါဘဲ။
(မထေရ်မြတ်တပါး)
ဝိပဿနာဆိုတာ
အတိတ်ကိုလည်း မဖော်နဲ့။
အနာဂတ်ကိုလည်း မမြော်နဲ့။
ပစ္စုပန် ကိုလည်း မချော်နဲ့။
ပစ္စုပန်တိုင်းကို အဓိပ္ပါယ်ရှိရှိ ရှင်သန်ပါ။
အမှန်တရားဆိုတာ ပစ္စုပန်တိုင်းမှာရှိပါတယ်။
ပစ္စုပန်တိုင်း ကို နားလည်တာဝိပဿနာပါ။
အရှိ နဲ့ အသိ ကိုက်ညီနေတာ
အဖြစ်နဲ့ အပျက်ကိုမြင်နေတာ ဝိပဿနာပါ။
အညံ့ပန်း (ပတ္ထ္တမြားမြေ)
ကျေးဇူးရှင် ကြောင်ပန်း ပဉ္စမ နာယက ဆရာတော် ဘုရားကြီး၏ သြဝါဒမှ
သြော်...
ပြုရင်း ပြင်ရင်း စောင့်ရှောက်ရင်းက
အိုခြင်း တွေ့ကြ ကွင်းမရ
ဇာတိ ကြောက်စရာ။
သြော်...
ပြုရင်းပြင်ရင်း စောင့်ရှောက်ရင်းက
နာခြင်း တွေ့ကြ ကွင်းမရ
ဗျာတိ ကြောက်စရာ။
သြော်...
ပြုရင်းပြင်ရင်း စောင့်ရှောက်ရင်းက
သေခြင်းတွေ့ကြ ကွင်းမရ
မရဏ ကြောက်စရာ။
ဇာတိကြောင့်သာ အိုရမှာ
ဇာတိကြောင့်သာ နာရသာ
ဇာတိကြောင့်သာ သေရရှာ
သြော်... ဇာတိ ဇာတိ ဇာတိ
ကြောက်စရာပါ။
အညံ့ပန်း (ပတ္တမြားမြေ)
9/16/09
ငါးမိနစ်လေး
တစ်နေ့တာရဲ့ ညနေပိုင်းအချိန်...ပန်းခြံတစ်ခုရဲ့ ကလေးတွေဆော့ကစားတဲ့ ကစားကွင်းငယ်လေး တစ်ခုမှာ
ကလေးငယ်တစ်ဦးရဲ့ မိခင်ဟာ တစ်ခြားကလေးငယ်တစ်ဦးရဲ့ ဖခင် နဲ့မလှမ်းမကမ်းမှာ ထိုင်ပြီး
စကားလက်ဆုံကြနေခဲ့တယ်။ အမျိုး သမီးဖြစ်သူက “ဟိုမှာ ဒန်းစီး နေတဲ့ကလေး ကကျွန်မရဲ့ သားပေါ့”
သူမက အနီရောင် ဆွယ်တာဝတ်ထားတဲ့ အသက်၆နှစ်အရွယ်ကလေး ငယ်လေး ကိုလက်ညှိုးထိုးပြီး
လှမ်းပြောလိုက်တယ်။ “ကလေးက တော်တော်လိမ္မာ မဲ့ပုံပါဘဲဗျာ” အမျိုးသားဖြစ်သူက ပြန်လည်
ပြောလိုက်ခြင်းဖြစ်သည်။ “ဟိုဖက်မှာကစားနေတဲ့အပြာရောင်ဝတ်ထားတဲ့ ကလေးကတော့
ကျွန်တော်သားပါ” အမျိုးသားဖြစ်သူဟာ အဲဒီလိုပြောရင်းသူရဲ့လက်မှာပတ်ထားတဲ့နာရီဆီကို
မျက်စိ ရောက်သွားပြီး သားဖြစ်သူ ကိုလှမ်းခေါ်လိုက်တယ်။“သားလေးသီဟရေ...အိမ်ပြန်ရအောင်သား”
သားဖြစ်သူက ခေါင်း ကလေး ငြိမ့်ပြလိုက်ပြီး ဖခင်ဖြစ်သူကိုဒီလိုလှမ်းပြောလိုက်တယ်။
“ဖေဖေ ရေ နောက်ထပ် ၅မိနစ် နော်...ဖေဖေ ၅မိနစ်ဘဲ” ဖခင်ဖြစ်သူက ခေါင်းငြိမ့်ပြလိုက်တော့ သား
ဖြစ်သူကပျော်သွားပြီးခုန်ပေါက်ကစားနေလိုက်တယ်။ ၅မိနစ်ကျော်သွားပြီးနောက် ဖခင်ဖြစ်သူ ကထိုင်နေရာမှ
မှတ်တပ်ရပ်လိုက်ပြီး သားဖြစ်သူကိုထပ်မံလှမ်းခေါ်လိုက်တယ်။ “သားရေ အချိန်ပြည့်ပြီ သွားရအောင်”
သားဖြစ်သူ ကထပ်မံပြီးခေါင်းငြိမ့်ပြလိုက်တယ်။ “ဖေဖေရေနောက်ထပ်၅မိနစ်လောက် ၅မိနစ်ဘဲ”
ဖခင်ဖြစ်သူက ပြုံးလိုက်ပြီး “ကောင်းပြီးသား” “ရှင်က ကလေးအပေါ် သိပ်စိတ်ရှည်တာဘဲနော်” ဘေး
အနား မှာ ရှိသောအမျိုးသမီး လှမ်းပြောလိုက်ခြင်းဖြစ်သည်။အမျိုးသားဖြစ်သူက သူမကိုပြုံး ပြီး ဒီလို
စကားရှည်ကို လှမ်းပြောလိုက်တော့တယ်။ “ကျွန်တော့်သားကြီး ကဒီပန်းခြံနားမှာ မူးနေတဲ့
ကားမောင်းသမား ကြောင့် စက်ဘီးစီးနေရာကနေ ကားတိုက်ခံရပြီး မနှစ်ကမှဆုံးသွားတယ်။ကျွန်တော်က
သားကြီး သူရ နဲ့ ဒီလိုမျိုး ပန်းခြံလာတာတို့သူနဲ့အတူတူနေပြီး အချိန်ကုန်တာမျိုး တို့ မလုပ်နိုင်ခဲ့ဘူး။
လုပ်ဖို့လဲအချိန်က မပေးနိုင်ခဲ့ဘူးလေ။ဒီလိုမျိုး အဖြစ်တွေကို ကျွန်တော့် သားငယ်ကိုမဖြစ်စေချင်ဘူး။
သားငယ်ကတော့သူ၅မိနစ်လောက် ထပ် ပိုပြီး ကစားရတယ်ဆိုပြီးထင်နေမှာ။အမှန်တကယ်တော့ကျွန်တော်
က ရလိုက်တာပါ။ကျွန်တော်ကသူကစားနေတာကိုနောက်ထပ် ၅မိနစ်ပိုပြီးကြည့်လိုက်ရတာပါ။
ဘဝဆိုတာ ပညတ်ထားတဲ့ အခွင့်အရေးတွေ ဦးစားပေး အနစ်နာခံမှု့တွေနဲ့ပြည့်နက်နေခြင်း
လည်းဖြစ်တယ်။ သင့်ရဲ့ဦးစားပေးအနစ်နာ ခံမှု့ ကရောဘာတွေဖြစ်မလဲ။ဒီနေ့ကစပြီး သင့်ရဲ့
ချစ်ခင်အနှစ်သက်ဆုံးသူကို ၅မိနစ်လောက်အချိန်ပေးပေးပါ။
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.piffe.com/inspiration/five-more-minutes.php
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
9/15/09
ကျွန်တော်ကြေကွဲခဲ့ရတဲ့အကြောင်း
ရည်ရွယ်ချက်ကလေးနဲ့ ရေးရတာပါ။ ကျွန်တော် ၇ တန်း အရွယ်တုန်းကပေါ့။ မြို့လေးတစ်မြို့မှာ ကျွန်တော် မေမေ က အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အဲဒီမေမေ့သူငယ်ချင်းမှာသမီးလေး တစ်ယောက်ရှိတယ်။ အဲဒီသမီးက ကျွန်တော့်ထက်၁၂ လောက်ကြီး ပြီး ကျွန်တော့်ကို သူမ မောင်လေးလို ဘဲ အရမ်းချစ် ခင်တယ်။ အဲဒီအစ်မဟာ ကျွန်တော်တို့အိမ်ကိုသူ့မ စီးပွားရေးကိစ္စနဲ့ မကြာခဏလာလေ့ရှိတယ်။သူမဟာ ဗေဒင်ကို အလွန်ယုံလွန်းသူဖြစ်တယ်။တစ်နေ့မှာတော့ သူမဟာ ဗေဒင်ဆရာ တစ်ယောက်ဆီမှာ ဗေဒင် သွားမေးခဲ့တယ်။ ဗေဒင်ဆရာက သူမကိုသူမ စီးပွားရေး လာဘ်လာဘ ကောင်းအောင် ၅ကျပ်တန်လေး တစ်ရွက် ကို သူမအမြဲဆောင်ထားဖို့ ယတြာ အနေနဲ့ပေးခဲ့တယ်။ တိုင်ဆိုင်မှု့ကြောင့်လားတော့မသိပါ သူမ၅ကျပ်တန်လေး ဆောင်ပြီး စီးပွားရေးကိစ္စတွေသွားတိုင်း အရာအားလုံး ဟာအဆင်ပြေချော့မွှေ့ခဲ့တယ်။ ၅ကျပ်တန်လေး ဆောင် မသွားရင်တော့ သူမ ရဲ့စီးပွားရေး ကိစ္စတွေ ဟာ အမြဲပဲအဆင်မပြေမှု့တွေ ကြုံတွေ့လာရတတ်တယ်။၅ကျပ်တန်လေး ကို ဆောင်မသွားရင် တော့ အခက်အခဲတွေမကြာခဏကြုံတွေ့လာရသည်နှင့် အမျှ သူမ ဟာ ၅ကျပ်တန်လေး အပေါ်ယုံကြည် သက်ဝင်မှုတွေ တနေ့ထက်တနေ့တိုး ပွားလာခဲ့ရတယ်။ ဒ့ါကြောင့် ၅ကျပ်တန်လေးကိုသူမဘယ် သွားသွား အမြဲဆောင်သွားခဲ့တော့တယ်။ တစ်နေ့မှာတော့ သူမဟာအိမ်မှာနေရင်း ပူအိုက်တာကြောင့် ရေချိုးခန်းထဲမှာ ရေချိုးနေခဲ့တယ်။ ရေချိုးနေချိန်မှာတော့ အိမ်ရှေ့မှာ သီလရှင်တွေအလှူခံလာတာကိုကြားတဲ့ သူမ မိခင်ဟာ သုံးထပ်မှာရှိတဲ့ အခန်းလေးဆီကိုသွားရမှာ ပျင်းနေတာ ကတကြောင်း ၊ဆွမ်းဆန်စိမ်း ကိုမလှူဘဲ ငွေလှူချင်တာကတစ်ကြောင်း ကြောင့် မြေညီထပ်မှာရှိတဲ့ သူမရဲ့သမီးဖြစ်သူအခန်းထဲကိုဝင်သွားပြီး စားပွဲပေါ်မှာ အလွယ်တကူတွေ့ရတဲ့ သမီး ဖြစ်သူ ပိုက်ဆန်အိတ်ထဲက ငါးကျပ်တန်လေး ကို ယူပြီး သီလရှင် တွေကို အလှူပြုလိုက်မိတယ်။ အမီးဖြစ်သူဟာ ရေချိုးခန်းထဲက ပြန်ထွက်လာပြီး သူမ ပိုက်ဆန်အိတ်လေး ပွင့်နေတာတွေ့တာကြောင့်ပိုက်ဆန်အိတ်လေး ကိုသေသေ ချာချာ စစ် ဆေးလိုက်တော့တယ်။ ၅ကျပ်တန်လေး ကိုမတွေ့တော့တဲ့အခါမှာ သူမဟာ ပြာပြာသလဲအိမ်ရှေ့ကိုထွက်လာ ပြီး ဧည့်ခန်း မှာထိုင်နေတဲ့မိခင် ကို ဒီလို လှမ်း မေးလိုက်တယ်။
“အမေ.....သမီးအခန်းထဲဝင်သေးလား။”
သမီးဖြစ်သူဆောင့်ကြီးအောင့်ကြီးနဲ့မေးလာတဲ့လေသံကိုမိခင်ဖြစ်သူက ညင်းသာစွာနဲ့ ဒီလိုပြန်ဖြေလိုက်တယ်။
“အင်း... ဝင်တယ်သမီး ရေ သီလရှင်တွေအလှူခံလာလို့ အမေလည်း အပေါ်မတက်ချင်တာနဲ့ သမီး အခန်းထဲဝင်ပြီး ပိုက်ဆန်အိတ်ထဲက ၅ကျပ်တန်လေးယူပြီး လှူလိုက်တယ်သမီး”
သမီးဖြစ်သူဟာအမေ့စကားသံအဆုံးမှာ တော့ ဒေါသူပုန်ထပြီး အမေဖြစ်သူကိုဒီလိုအော်ဟစ်ပြစ်တင်လိုက်တယ်။
“အမေကလည်း ဒီ၅ကျပ်ကိုမှ လာယူနေတယ်။ သမီး မှာ ဒီတရွက်လေးဘဲရှိတဲ့ဟာကို ဘာလို့အခန်းထဲ အသိမပေး ဘဲဝင်ယူရတာလည်း တော်တော်ခက်တာဘဲအမေတော့”
သမီး လေသံက မာကြောနေတာကတကြောင်း၊အမေဖြစ်သူက အသိမပေးဘဲယူခြင်းကိုခိုးသည်ဟုစွပ်စွဲသည့် ပုံစံဖြင့်ပြစ်တင် တာက တစ်ကြောင်း ကြောင့် သမီးပြောတာကိုသဘော ပေါက် နားလည်မှုမရှိတဲ့အမေ ဖြစ်သူဟာ ချုပ်တည်း ထားတဲ့ဒေါသ ကို မခံနိုင်ဘဲဒီလိုပြန်လည်ပြောဆို လိုက်တော့တယ်။
“နင့်ပိုက်ဆန်ဒီလောက်လေးနဲ့အဖြစ်သည်းပြမနေနဲ့။ နင့်ကိုအဲဒီငွေရဲ့အဆတစ်ရာငါပြန်ပေးမယ်။ ငါ့ကိုလာအော်မနေနဲ့ဒီလို။ ငါပြောတာကြားလား၊ မကြား ချင်ရင်ကိုယ်ဟာကိုသွားသေလိုက်။”
အဲဒီလိုအချေအတင် စကားများ ကြပြီး နောက်ပိုင်း မှာ သမီးဖြစ်သူ ဟာ “ဝုန်း” ကနဲ အိမ်ခန်းတံခါးကိုဆွဲပိတ် လိုက်တော့တယ်။ သိပ်မကြာခင်မှာ အသံတစ်စနှစ်စ သာထွက်လာပြီး သမီးဖြစ်သူဟာအခန်းထဲမှာ ငြိမ်သက်သွားတော့တယ်။ သုံး လေးနာရီကြာတဲ့နောက်ပိုင်းမှာ တော့အမေဖြစ်သူဟာစိတ်ဆိုးပြေသွားပြီး သမီးဖြစ်သူအခန်းဝနားလာပြီး အခန်းတံခါးခေါက်လိုက်တယ်။
“သမီးရေ...သမီးလေး...ထပါတော့ အမေ့ကိုစိတ်ဆိုးနေပြီးလား။သမီးရေအပြင်ထွက်ရအောင်။”
အမေဖြစ်သူဟာအကြိမ်ဖန်များစွာခေါ်သော်လည်း သမီး ဆီမှဘာမျှတုန့်ပြန်မှု့ကို မကြားရတာကြောင့် အခန်းတံခါး ကို စောင့်ဖွင့်လိုက်တယ်။အဲဒီအခါမှာတော့ အမေဖြစ်သူဟာအိပ်ယာပေါ်မှာလှဲပြီး အသက်ပျောက်နေတဲ့သမီး ကိုတွေ့လိုက်ရတော့တယ်။ သမီးဖြစ်သူဟာ ကြွက်သတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ခြင်းဖြစ်ပါတယ်။
သမီးဖြစ်သူရဲ့အယူသည်းတတ်မှု့နဲ့ ဒေါသကြီး ခေါင်းမာတတ်မှု့၊ အမေဖြစ်သူရဲ့ လက်လွှတ်စပါယ် ပြောဆိုတတ် မှု့ကြောင့် သမီးဖြစ်သူရဲ့ အသက်ဆုံးရှူံး ခဲ့ရတော့တယ်။ ဒီဖြစ်အပျက်လေးဟာ ကျွန်တော့်အ တွက်တော့ မမေ့နိုင်စရာသံဝေဂရစရာတစ်ခုပါ။ ကျွန်တော် ကဗေဒင်ဆရာတွေကို အပြစ်တင်နေခြင်းလည်း မဟုတ်ပါ။ ဗေဒင်ဆိုသည်မှာလည်း မမှန်တာ မရှိပါ။ သို့ပေမယ့် လူမှန်နေရင်တော့ ဗေဒင် ကမှားသွားတတ်ပါတယ်။ ဥပမာ အရပြောရရင်တော့ ဗေဒင်ဆရာ ကဟောထားသည် လူတစ်ယောက် ဒီနေ့အဲဒီမြို့ကိုမသွားရဘူး။ သွားခဲ့ရင် ဒီလူဒုက္ခရောက်သွားနိုင်တယ်လို့ဆိုကြပါစို့။ အဲဒီလူက ဗေဒင်ဆရာပြောသလို အဲဒီမြို့ ကို မသွားခဲ့ ရင် သူ ဒုက္ခနဲ့ ကင်းသွားမယ်။ ဒီတော့ဗေဒင်မှားသွားတယ်။ ဘာလို့လဲဆိုတော့ လူ ကဗေဒင်ဆရာဟောထားသလို မှန်မှန်ကန်ကန်နေလိုက်ခြင်းကြောင့်ဖြစ်တယ်။ အကယ်၍ အဲဒီလူကဗေဒင်ဆရာပြောတာကိုလက်မခံဘဲသွားခဲ့ရင် သူဒုက္ခရောက်သွားမှာအမှန်ပင်။ ဒီတော့ကား ဗေဒင်ကမှန်သွားပြန်၏။ အမှန်တကယ်က လူမှားလို့ဗေဒင်မှန်သွားခြင်းဖြစ်သည်။ လူကမှနအောင်နေ လျှင်တော့ ဗေဒင်မှားပါသည်။ ဘာဘဲဖြစ်ဖြစ်ဗေဒင်ဆိုသည်ကိုယုံယုံမယုံယုံ ဗေဒင်ဟောထားသလိုတော့လုပ်လိုက် ပါ။သို့ပေမယ့် အပေါ်က အမလိုတော့အယူမသည်းပါနှင့်။ စိတ်မကြီးပါနှင့်။ အမေဖြစ်သူလိုလည်း သားသမီးတွေအပေါ် လက်လွတ်စပါယ်မပြောမိပါစေနှင့်။
ဒီစာကိုဖတ်ပြီးသင် တစ်ခုခုကိုဆင်ခြင်လိုက်မိတယ်ဆိုရင် ကျွန်တော် ကျေနပ်ပါတယ်။
အညတြ(ခေတ္တ နယူးယောက်ခ်)
9/13/09
သူတော်ကောင်း တို့ ကျင့်ဝတ်
အချိန်မရွေး စိတ်ကောင်းမွေး
နေရာမရွေး စိတ်ကောင်းမွေး
အရွယ်မရွေး စိတ်ကောင်းမွေး
ပုဂွိုလ်မရွေး စိတ်ကောင်းမွေး
စိတ်ကောင်းမွေးဘို့် ပထမ
စိတ်ကောင်းမွေးဘို့ တစ်ဘဝ
စိတ်ကောင်းမွေးဘို့ ထာဝရ
စိတ်ကောင်း ရှိမှ နုတ်ကောင်းရ
စိတ်ကောင်းရှိမှ ကိုယ်ကောင်းရ
စိတ်ကောင်းရှိသာ မင်္ဂလာ
နုတ်ကောင်းရှိသာ မင်္ဂလာ
ကိုယ်ကောင်းရှိသာ မင်္ဂလာ
စိတ်ကောင်းတခု ရှိအောင်ပြု
ပြည့်မှု မင်္ဂလာ အရာရာ
ကိုယ်နုတ်စိတ်ပါ ယဉ်ကျေးသာ
ပြည့်မှာ မင်္ဂလာ အရာရာ
ဘယ်သူတရား ပျက်ပျက်ကိုယ် မပျက်နဲ့
သူမကောင်းလည်း ကိုယ်ကောင်းပါ
သူကကောင်းလည်း ကိုယ်ကောင်းပါ
အရာရာကို အရှူံး ပေးက နှလုံးအေး၏။
အညံ့ပန်း(ပတ္တာမြားမြေ)
ဖေဖေအသိပေးချင်တဲ့အကြောင်း
(နုတ်သည်-ဆက်သည်)နုတ်ဆက်ပါသည်။
(လောဘကိုနုတ်သည်-အလောဘ ကိုဆက်သည်။)
(လောဘကိုနုတ်သည်-ဒါန ကိုဆက်သည်။)
(လောဘကိုနုတ်သည်-ဝိပဿနာ တရားကိုဆက်သည်။)
(ဒေါသကိုနုတ်သည်-အဒေါသ ကိုဆက်သည်။)
(ဒေါသကိုနုတ်သည်-သီလ ကိုဆက်သည်။)
(ဒေါသကိုနုတ်သည်-မေတ္တာ ကိုဆက်သည်။)
(ဒေါသကိုနုတ်သည်-ဝိပဿနာ တရားကိုဆက်သည်။)
(မောဟကိုနုတ်သည်-အမောဟ ကိုဆက်သည်။)
(မောဟကိုနုတ်သည်-ဘာဝနာ ကိုဆက်သည်။)
(မောဟကိုနုတ်သည်- ဝိပဿနာ တရား ကိုဆက်သည်။)
(လောဘ၊ဒေါသ၊မောဟ ကိုနုတ်သည်- ဒါန၊သီလ၊မေတ္တာ၊ဝိပဿနာ ကိုဆက်သည်။)
ဒါနပြည့်ပြည့်-ဝိပဿနာ တရား ပြည့်ပြည့်
သီလပြည့်ပြည့်-ဝိပဿနာ တရား ပြည့်ပြည့်
မေတ္တာပြည့်ပြည့်-ဝိပဿနာ တရား ပြည့်ပြည့်
ဒါနအစ-သီလရှေးဦးစွာ-ဘာဝနာပထမ
တထပ်တည်းကြမှ ဝေနေယျ။
အညံ့ပန်း (ပတ္တမြားမြေ)