12/17/08

ရွာသားလေးရဲ့ အမြင်

တခါတုန်းက အေးချမ်း သာယာလှတဲ့ ရွာငယ်လေးတရွာကို အလည် ရောက် လာတဲ့ မြို့ကြီးသား တယောက်ဟာ ကမ်းခြေလေး တခုမှာ ငါးမျှားရာက ပြန်လာတဲ့ ရွာသား တယောက်ကို တွေ့ခဲ့တယ်။ ထို ရွာသားလေးရဲ့ လှေပေါ် မှာ ငါးကြီးကြီး တော် တော်များများ ကို တွေ့ လိုက်တယ်။

ဒါကြောင့် မြို့ကြီးသား ဖြစ်သူက ချီးမွမ်း စကားလှမ်းပြောလိုက် ပြီး မေးလိုက်တယ်။

“ မိတ်ဆွေ ဒီငါး ကြီး တွေက တော်တော်လေးကို ကြီး တာပဲဗျ။ ဘယ်လောက် အချိန်ကြာကြာ ဖမ်းလိုက်ရလဲဗျ။”

ရွာသား ဖြစ်သူက ပြန်ဖြေလိုက်တယ်။ “ သိပ်မကြာလှပါဘူး နောင်ကြီး ။နေ့ဝက် လောက်တင်ပါ။ ”

အဲဒီနောက်မှာ မြို့ကြီးသား ဖြစ်သူက မေးလိုက်ပြန်တယ်။ “သိပ်ကြာကြာမဖမ်းရ ရင် ကြာ ကြာ နေပြီး ငါးများများဖမ်း ပေါ့ဗျာ။”

ရွာသားဖြစ်သူက “ ကျွန်တော့် အတွက် ဒီလောက်ဆိုကျွန်တော် မိသားစု အတွက် တပတ်စာ စားဝတ်နေရေး အတွက် လုံလောက်နေပါပြီ။”

မြို့ကြီးသားဖြစ်သူက “ ဒါဆိုခင်ဗျား ရဲ့ ကျန်တဲ့ အချိန်တွေမှာ ဘာတွေလုပ်လဲဗျ။” လို့ မေးလိုက်ပြန်တယ်။

ရွာသားက ပြန်ပြောလိုက်တယ်။ “ ကျွန်တော်က ကောင်းကောင်း အိပ်တယ်။ကလေးတွေ နဲ့ ဇနီး ကို အချိန် ပေးတယ်။ မနက် စောစောထပြီး ရွာဦးကျောင်းမှာ ဆွမ်းကပ်တယ်။ နောင်ဘဝ အတွက်ဆုတောင်းတယ်။ တရားကျင့်တယ်။ ညဆို တရားဆွေးနွေးတယ်။”

မြို့ကြီးသားဖြစ်သူက လှောင်ပြောင်သောအသံနှင့် “ ကျွန်တော် က အမေရိကန်နိုင်ငံ မှာရှိတဲ့ နာမည်ကြီး တဲ့ တက္ကသိုလ် က စီးပွားရေး အဓိက နဲ့ ကျောင်းပြီးတာပါ။ မိတ်ဆွေသာ မိတ်ဆွေရဲ့ အချိန်တော်တော်များများ ကို ငါးများများ ရအောင်မျှား ပြီး နေ့ တိုင်းကြိုးစားမယ် ဆိုရင် နောက် ဆို လှေကြီးကြီးဝယ် နိုင်မယ်။ လှေကြီးကြီး ရပြီးရင် နောက် လှေ တော်တော် များများ ကို ထပ်ဝယ် မယ်။ ဒီအကျိုးဆက်တွေကြောင့် မိတ်ဆွေ ဆီမှာ လှေတော်တော်များများ ပိုင်ဆိုင် နိုင်လာမယ်။ ပြီးရင် မိတ်ဆွေကိုယ်တိုင် မြို့ကြီး ကိုတက် ပြီး ငါးတွေ၊ ငါးခြောက်တွေ ရောင်းမယ်။ အဲဒီကနေ တဆင့် နိုင်ငံခြား ကို ဒါရိုက် တင်ရောင်းမယ်။ မိတ်ဆွေဟာ ကိုယ်တိုင်ငါးမျှားမယ်။ ကိုယ်တိုင် ရောင်းမယ်။ ဒီ အကျိုးဆက်တွေကြောင့် ကုမ္မဏီ တွေဖွင့်မယ်။ ပြီးရင် ဒီ လို သေးငယ်တဲ့ မြို့ ကနေ မြို့ ကြီး ကို ပြောင်းမယ်။ အဲဒီကနေ တဆင့် စင်္ကာပူ မှာ အိမ်ဝယ် မယ်။ သြစတြေးလျ မှာ အိမ်ဝယ် မယ်။ ဂျပန် မှာ အိမ်ဝယ် မယ်။ ဒါ ဆိုရင် ဘယ် နေရာမဆို သွားချင်သလို သွားလို့ ရပြီ လေ ။ မဟုတ်ဘူးလားဗျ။”

ရွာသားကြီး ဟာစကားအရှည် ကြီး ပြောချလိုက်တဲ့ မြို့်ကြီးသား ကို ကြည့်လိုက် ပြီး ဒီ လိုမေးလိုက်တယ်။ “ဒါနဲ့ အဲဒါတွေ ဖြစ်အောင် လုပ်ဖို့ အချိန်ဘယ်လောက် လိုလဲဗျ။”

မြို့ကြီးသား က “အင်းအနည်းဆုံး ၂၀ - ၂၅ နှစ်လောက် လိုတယ်။”

“ဟုတ်ပါပြီဗျာ။ ကဲ အဲဒီလို ချမ်းသာလာပြီးရင် နောက် ဆက် ပြီးဘာတွေ ဖြစ်အုံး မှာလဲဗျ။” ရွာသားကြီး က ထပ်မေးပြန်တယ်။

မြို့သားကြီး ကရယ်မောလိုက်ပြီး ပြောလိုက်တယ်။ “ ခင်ဗျားအဲဒီလိုချမ်းသာလာပြီးရင် ခင်ဗျားကူမ္မဏီ ကနေ ရှယ်ယာတွေ ကို ခေါ်ပြီး ရောင်းမယ်။အဲဒီနောက် မှာ မိတ်ဆွေက ကမ္ဘာပေါ် မှာ ကုဋေ ကြွယ် သူဌေးကြီးဖြစ်ပြီပေါ့ဗျာ။”

“ကုဋေကြွယ် သူဌေးကြီး ဟုတ်လား ရောင်ရင်း။ အဲဒီလိုဖြစ် ပြီး သွားရင်ကော ဘာတွေ ဖြစ်အုန်းမလဲ။” ရွာသား က ထပ်တခါမေးလိုက်ပြန်တယ်။

မြို့ကြီးသားက ရွာသားကြီး ကို သေချာစွာဒီလို ပြန်ပြော လိုက်ပြန်တယ်။ “အဲဒါ တွေ အားလုံး ဖြစ် ပြီးသွားရင် မိတ်ဆွေ အေးအေး ဆေးဆေး အနားယူလို့ ရပြီ။ ရှယ်ယာတွေ အကုန်ရောင်း။အိမ်တွေ အကုန်ရောင်း ။ပြီးရင် ဒီ လို အေးချမ်းသာယာ ပြီးနေချင်စရာ ကောင်းလှတဲ့ ရွာ ကလေး မှာနေ။ ပြီးရင် ကောင်းကောင်း အိပ်။ကလေးတွေ နဲ့ ဇနီး ကို အချိန် ပေး။ မနက် စောစောထပြီး ရွာဦးကျောင်းမှာ ဆွမ်းသွားကပ်။ နောင်ဘဝ အတွက်ဆုတောင်း။ တရားကျင့်။ ညဆို တရားဆွေးနွေး။ဘယ်လိုလဲမိတ်ဆွေ မကောင်းပေ ဘူးလား။ ”




(ကျွန်တော်တို့တတွေဟာ အိမ်အပေါ် ထပ်က လူကိုကြည့်ပြီး အားကြိုးမာန်တက် နေ့မအား ညမနား စိတ်ပန်း လူပန်း ကြိုးစား မနေသင့်သလို အိမ်အောက်ထပ်က လူကို ကြည့်ပြီး ပြုံးပျော်ရွှင်မြူး မနေသင့်ပါဘူးလေ။ ကျွန်တော်တို့ တတွေဟာ ကျွန်တော်တို့ ရောက်ရှိတဲ့ နေရာလေးမှာ တင်းတိမ်ရောင့်ရဲ စွာဖြင့် ကြိုးစားနေထိုင်သင့် ပါတယ်လေ။ အမှန်တကယ် တော့တချိန်မှာ ကျွန်တော်တို့ သွားရမယ့် ပန်းတိုင်က တနေရာတည်းပါ။ ဒီလိုပန်းတိုင် တူမယ့် နေရာလေး ကို ဘယ်လိုပုံစံမျိုး နဲ့ ရောက်တာလေးပဲ ကွာဟ တာပါ။တင်းတိမ်ရောင့်ရဲ ခြင်းဖြင့် ပျော်ရွှင် နိုင်ပါစေ။)

အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.naute.com/inspiration/fisherman.phtml
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

12/16/08

စုန်ရေ

မေတ္တာ ရေစင်
တသွင်သွင်
ကြည်လင်လျက်ပင် စီးအစဉ်။

မေတ္တာ ရှင်များ
စုန်ရေလား
မခြား တူလေသာ။

မိဘ မေတ္တာ
စုန်ရေပမာ
အလား တူသည်သာ။

ဒါန ရှင်များ
စုန်ရေလား
မမှား တူသည်သာ။

ကျွေးသော လက်များ
စုန်ရေလား
မခြား တူသည်သာ။

မွေးသော လက်များ
စုန်ရေလား
မမှား တူသည်သာ။

(အညံ့ပန်း)

သတိပြုပါ

အတွင်း ရန်သူ

မောဟ ထူမှ

ဘယ်သူ မပြု

မိမိ မှု့သာ

ကြုံရာ အာရုံ

ဒွါရ ဆုံက

အစုံ ပေါ်ကြ

သဘာဝမှာ

နှစ်ဖြာ ရုပ်,နာမ်

ဖြစ်တိုင်း ချုပ်မို့

မဟုတ် အတ္တ

ဓါတ်ရင်း ပြသော်

အနတ္တ နုံး

ဓမ္မ ထုံးမံ

လှစ်သုံး ပြန်က

အမှန် လေးဝ

အ မောဟဥာဏ်

ပေါ်ရ လေသော်

အပြီး နော်တ

ခါတော် မှီစွဲ

မသေ ပွဲတည်း

မလွဲ ဧကန်

ဆိုက်ရောက် ရလေ တော့သတည်း။
(အညံ့ပန်း)

12/14/08

အီးမေးလ် လိပ်စာအမှား

အီလက်နွိုင်း ပြည်နယ် မှာ နေထိုင်တဲ့ အမျိုးသားတယောက် ဟာနှင်းတွေ တဖွဲဖွဲကျ နေပြီး နှင်းတွေနဲ့ ပြည့်

နေတဲ့ ချီးကာဂို ပြည်နယ် ကနေ ရာသီဥတု သာယာပြီး အပူချိန် အားကောင်း တဲ့ ဖလော်ရီဒါ ပြည်နယ် ဖက်ကို

ရုံးပိတ်ရက် မှာ အပန်းဖြေ ခရီးထွက် ခဲ့ကြတယ်။

အဲဒီအမျိုးသားရဲ့ ဇနီး ဖြစ်သူကတော့ အလုပ်ကိစ္စ ကြောင့် ခရီး ထွက်နေပြီး နောက်တနေ့ မှ ခင်ပွန်းဖြစ်သူနဲ့ ဖလော်ရီဒါမှာတွေ့ ဖို့ ချိန်းထား ခဲ့တယ်။

အမျိုးသားဖြစ်သူ ဟာဟိုတယ် ကိုရောက်တဲ့အခါ မှာ သူရဲ့ ဇနီးဖြစ်သူ ဆီကို အီးမေးလ်ပို့ဖို့ ကို

ဆုံးဖြတ်ချက်ချလိုက်တယ်။

အမျိုးသား ဖြစ်သူဟာ သူ့ဇနီးဖြစ်သူရဲ့ အီးမေးလ်လိပ်စာ ရိုက်တဲ့ အခါမှာ သူဟာ စာလုံးတစ်လုံး ရိုက်ဖို့

ကျန်သွားခဲ့တယ်။

ဒါကြောင့် သူရဲ့အီးမေးလ်ဟာ အမျိုးသ္မီး တစ်ယောက်ရဲ့ အီးမေးလ်လိပ်စာ ကို ရောက်သွားခဲ့တယ်။

အမှန်တကယ် တော့ အီး မေးလ် ပိုင်ရှင်ဖြစ်သူ (အမျိုးသ္မီး) ရဲ့ ခင်ပွန်း ဖြစ်သူက မကြာသေးခင်ကမှ ဆုံးပါးသွားခဲ့တယ်။

ခင်ပွန်းသည် ဆုံးပါးသွားတာကြောင့်ဝမ်းနည်းပက်လက် ဖြစ်နေတဲ့ မုဆိုးမဖြစ်သူဟာ သူမအီးမေးလ်တွေ ကို

မစစ်ဆေးတာ ကြာသွားတာကြောင့်စစ်ဆေးနေ ခဲ့တယ်။

သူမဟာ ကွန်ပြူတာ ဖန်သားပြင်ကို ငေးမောနေခဲ့တယ့် ခဏ အကြာမှာတော့ ရုတ်တရက်

အော်ဟစ် လိုက်ပြီး ကွန်ပြူတာ ကြည့်နေတဲ့ ခုန်လေးပေါ်ကနေ ကြမ်းပြင်ပေါ် ကိုနောက်ပြန်လဲကျသွားတယ်။

သူမရဲ့ အသံကြောင့် အိမ်သူ/သား တွေဟာ သူမရဲ့ အခန်းထဲကို ဝရုန်းသုန်းကား ပြေးလာကြပြီး

အံ့အားသင့်နေတဲ့ မျက်လုံးတွေနဲ့ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ သူမ နှင့် ကွန်ပြူတာပေါ်မှာ ရေးထားတဲ့

စာသားတွေ ကို တွေ့လိုက် ကြတယ်။

ကွန်ပြူတာ ပေါ်ကစာတွေကတော့

(ချစ်လှစွာသောမိန်းမရေ....

ကိုယ် အခုမှဘဲ စာရင်းပေးလိုက်တယ်။

မိန်းမ မနက်ဖြန် ဒီကိုလာဖို့ အတွက် ကြိုတင်ပြင်ဆင်မှုတွေ အခုမှဘဲပြီးသွားတယ်။

မနက်ဖြန် တွေ့မယ်နော် မိန်းမ။


စာကြွင်း။ ။ မိန်းမရေ ဒီမှာတော့ တော်တော် ကို ပူတယ်။)

.................................................................................................................................
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://inspireme.net/funny_stories/101-funny-short-stories.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။